မြစ်သား ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက် စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉) နာရီက ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှအဖွဲ့ဝင် (၃) ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗလငါးတန်နဲ့ ပြည့်စုံပြီး အသိပညာ ဗဟုသုတများ ရရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်း ပူပေါင်းဆောင်ရွက်တတ်ပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကိုဦးဆောင်မည့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဦးဆောင်ပြီး Grade-11 ကျောင်းသား မောင်အောင်မြင့်မြတ်က လူငယ်နှင့် အားကစားခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-9ကျောင်းသူ မဇင်ယုလှိုင်က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်အောင်ဖုန်းမြတ်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade–9 ကျောင်းသူ မခင်ရတီကလူငယ်နှင့် နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade10 ကျောင်းသား မောင်သူရစွမ်းက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာတက် ရောက်လာသော ကျောင်းသား၊ကျောင်းသူများကလည်း သိလိုသော မေးခွန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၃) ဦးအောင်ကျော်မိုး၊ မြစ်သားမြို့မစခန်းမှူး ဒုရဲမှူးဇော်မင်းထွေး၊ ဒုတိယမြိုနယ်ပညာရေးမှူး ဦးကျော်ဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့် ဆရာ၊ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)