တိုက်ကြီး ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် လှိုင်မြစ်ရေမြင့်တက်လာခြင်းကြောင့် အဖျောက်-ဉတို-တိုက်ကြီးကားလမ်းမှာ ရေကျော်ပြီး ရေတိုက်စားခြင်းကြောင့် ကားလမ်းဘေးမြေသားများ ပြိုကျခဲ့သဖြင့် သဲအိတ်များဖြင့် ကာရံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မြစ်ရေမြင့်တက်လာသဖြင့် အဖျောက်-ဉတို-တိုက်ကြီးကားလမ်း မိုင်တိုင်အမှတ် ၉ မိုင်၃ဖာလုံနှင့် ၉ မိုင် ၄ ဖာလုံကြားရှိ ကားလမ်းဘေးမြေသားလမ်းမှာ ပြိုကျသွားသဖြင့် လမ်းတံတားဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ၆ ပေပတ်လည်ရှိ သဲအိတ်များဖြင့် ပြန်လည်ကာရံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
လှိုင်မြစ်ရေမြင့်တက်ခြင်းကြောင့် ဆင်ခြံကျေးရွာ၊ အထရောင်ကျေးရွာ၊ ဉက္ကံရှမ်းစုကျေးရွာ၊ ခုနှစ်ကျိုက်အရှေ့ကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ လောက်လေးချောင်းကျေးရွာ၊ ဖက်ဝန်းကုန်းကျေးရွာ၊ အလဘုတ်ကျေးရွာ၊ တောင်ရပ်ဇီးကုန်းကျေးရွာ စသည့်လှိုင်မြစ်ကမ်းဘေး ကျေးရွာများတွင် လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် ရေများဝင်ရောက်လျက်ရှိသည်။ ရေဘေးသင့်ပြည်များအတွက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံစားသောက်ကုန်များ ထောက်ပံ့ခြင်းနှင့် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)