ကျောက်ဆည်မြို့နယ် ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)၌ ဝါသီးနှံ သုတေသနဆိုင်ရာ ရလဒ်များ ဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည် ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဝါသီးနှံသုတေသနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်)၌ ယမန်နေ့ နံနက် (၉)နာရီက ဝါသီးနှံ သုတေသနဆိုင်ရာ ရလဒ်များအကြောင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ (ရုံးချုပ်)၊ နေပြည်တော်မှ ညွှန်ကြားရေးမှူး ဒေါ်အေးမီမီစိုး ဝါသီးနှံသည် နိုင်ငံတော်၏အရေးကြီးကုန်စည်ဖြစ်သည့်အတွက် နှစ်စဉ်စိုက်ဧကတိုးချဲ့ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး တွန်းအားပေးဆောင်ရွက်နေကြောင်း၊ သီးနှံထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရန် သုတေသနလုပ်ငန်းသည် အရေးပါကြောင်း၊ နည်းပညာများ ကိုလည်း ခေတ်စနစ်နှင့် ရာသီဥတုအရ ပြောင်းလဲအသုံးပြုရန်လိုအပ်ကြောင်း၊ မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်နိုင်ရန်မျိုးစပ်သည့် နည်းပညာများ အရေးကြီးသဖြင့် မျိုးသန့်ခြံများတွင် နှစ်စဉ်ထိမ်းသိမ်း စုဆောင်းထားသော ဝါမျိုးများမှ အလားအလာကောင်းသော မျိုးများအား မိဘမျိုးလိုင်းများအဖြစ် ရွေးချယ်၍ မျိုးများကူးစပ်သွားရန်လိုအပ်ကြောင်း၊    ပြည်တွင်း ဝါမျိုးများမှာ ၁/၄၀ ချည်သာဆွဲနိုင်သဖြင့် ၁/၆၀ နှင့် ၁/၈၀ ချည်ဆွဲနိုင်သည့် ဝါမျိုးသစ်များကို   ဒေသတွင်းထုတ်လုပ်နိုင်မှသာ ပြည်ပမှ ချည်တင်သွင်းမှု လျော့ချနိုင်မှာဖြစ်သဖြင့် ဝါမျိုးသန့် ခြံများ၌ သုတေသနစမ်းသပ်ချက်များ နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ရလဒ်များ တွက်ချက်ပုံနှင့် ကောက်ယူရမည့်အချက်အလက်များ မှန်ကန်ရန် အရေးကြီးကြောင်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ (ရုံးချုပ်) နေပြည်တော်မှ ဒု-ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက ဝါမျိုးသစ်ထုတ်လုပ်နိုင်ရန် ဝါသီးနှံမျိုးကူးစပ်ပုံနည်းစနစ်များကို စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချခဲ့ပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးသန့်က စမ်းသပ်ကွက်များအလိုက် ကောက်ယူရမည့် မှတ်တမ်းများ၊ သုတေသနရလဒ်များ တွက်ချက်မှုနှင့် သုံးသပ်ချက်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပြီး ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (၇)ခြံမှ ခြံတာဝန်ခံများနှင့် ဝန်ထမ်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)