ကျိုက်မရော ဇူလိူင် ၃၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မိုးများအဆက်မပြတ်ရွာသွန်းပြီး အတ္တရံမြစ်ရေလျှံတက်မှုကြောင့် မြစ်ကမ်းနားအနီးနေအိမ်များ၊ အနိမ်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ၊ စာသင်ကျောင်းများအတွင်းသို့ မြစ်ရေများ ဇူလိူင်လ ၂၈ ရက်နေ့က စတင်ဝင်ရောက်လျက်ရှိရာ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အဆိုပါရပ်ကွက်နေပြည်သူများ ပြောင်းရွှေ့နေရာချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့ နေ့လယ်က အောင်သုခရပ်ကွက်ရှိ Cyclone Shulter အတွင်း ကြိုတင်ပြင်ဆင်မှုများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါယာယီရေဘေးရှောင်စခန်းဖြစ်သည့် ဆိုင်ကလုန်းရှယ်တာအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဆိုင်ကလုံးရှယ်တာအတွင်း မီးသတ်ပိုက်များဖြင့် ရေဆေးခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ပတ်ဝန်းကျင်ရှိမြက်ပင်များ၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခုတ်ထွင်ခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများကို စုစုပေါင်းအင်အား(၇၅)ဦးတို့က ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်မရောမြို့နယ်အနေဖြင့် အတ္တရံမြစ်ရေသည် ဇူလိူင် ၂၉ ရက် နေ့မွန်းလွဲ ၁၂ ခွဲနာရီတိုင်းတာချက်အရ အတ္တရံမြစ်ရေ အမှတ်မှာ (၄၈၈)စင်တီမီတာတွင် တည်ရှိနေပြီး မြစ်၏စိုးရိမ်ရေအမှတ်မှာ(၅၂၀)စင်တီမီတာဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ အချိန်မီပြောင်းရွှေ့ထားနိုင်ရေးအတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများအား ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)