မြစ်ကြီးနား ဇူလိုင် ၃၀
ကချင်ပြည်နယ်၌ ပြီးခဲ့သည့် ဇွန်လအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ပြီး ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ အပါအဝင် ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးဖြစ်စဉ်ကြောင့် ထိခိုက်ပျက်ဆီးမှုများ ကနဦးစစ်တမ်းကောက်ယူခြင်းနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီက ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အမြန်ရေယာဉ်များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်မောင်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်ဆိပ်မှ အမြန်ရေယာဉ်များဖြင့် မြစ်ကြီးနားမြို့ တစ်လျှောက် မြစ်အထက်ပိုင်း ဗလမင်းထင်တံတားအထိ သီတာရပ်ကွက်၊ စီတာပူရပ်ကွက်တို့တွင် မြစ်ကမ်းပါးတိုက်စားသွားမှုဖြစ်စဉ်များ၊ ကမ်းနားနေအိမ်များ ထိခိုက်မှုဖြစ်စဉ်များ၊ ကမ်းထိန်းနံရံများ ပျက်ဆီးမှုဖြစ်ပေါ်သည့် အခြေအနေများအား လည်းကောင်း၊ ထိုမှတစ်ဆင့် ဧရာဝတီမြစ်ကို ဖြတ်သန်းပြီး ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု၊ နောင်တာလော ကျေးရွာအတွင်း ကမ်းပါးပြိုကျမှုဖြစ်စဉ်ကြောင့် စေတီတစ်ဆူအပါအဝင် နေအိမ်များ ပြိုကျမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို လည်းကောင်း မြစ်အတွင်းမှ ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကမ်းထိန်းနံရံများ တည်ဆောက်ပေးနိုင်ရေး မြေပြင်အခြေအနေကို ကွင်းဆင်းတိုင်းတာစစ်ဆေး၍ အမြန်ဆုံး ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားဘက်ကမ်းတစ်လျှောက် ဧရာရပ်ကွက်၊ မြို့မရပ်ကွက်၊ မင်းရပ်ရပ်ကွက်၊ ကချင်စုရပ်ကွက်၊ ကျွန်းပင်သာရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ရေကြည်ရပ်ကွက်အတွင်းရှိ ရေကြည်ချောင်းဝအထိ ဧရာဝတီမြစ်အတွင်းမှ ကျောက်စီရေထိန်းနံရံ တည်ဆောက်ပြီးစီးသည့် အပိုင်းများ၊ ရေထိန်းနံရံတည်ဆောက်ရန် လိုအပ်သည့် အပိုင်းများ၊ လယ်ကုန်းရပ်ကွက်အတွင်း မြေနိမ့်ပိုင်းနေရာများတွင် မြေဖို့၍ ကမ်းနားပတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများနှင့် မြစ်ကမ်းဘေးတစ်လျှောက်ထိခိုက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောက်စီရေထိန်းနံရံနှင့် မြစ်နှင့်တစ်ဆက်တည်းရှိသည့် ချောင်းဝများတွင် ရေထိန်းတံခါးများ တည်ဆောက်နိုင်ရေး၊ ကမ်းပါးထိန်းသစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ရေရှည်အတွက် မျှော်မှန်းပြီး လုပ်ငန်းစီမံကိန်းများရေးဆွဲပြီး စနစ်တကျ အပိုင်းလိုက် ပြုပြင်တည်ဆောက်နိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဘောလုံးအသင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမှု ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)