ဒဂုံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ဇုန်အဆင့်) ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ဒဂုံအရှေ့ ဇူလိုင် ၂၉

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ဇုန်အဆင့်) အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ (၁) ၌ ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ဇုန်အဆင့်) အမျိုးသား၊ အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီပေးသော ဒဂုံတက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးအထူးပြုကျောင်းသူ မရွှန်းလဲ့လဲ့မင်းနှင့် မြန်မာစာအထူးပြုကျောင်းသူ မရွှေသီရိခေတ်တို့အား ဒဂုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းမွှေးတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒဂုံတက္ကသိုလ်ပါမောက္ခ/ဌာနမှူး ဆရာ၊ ဆရာမများက အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဒဂုံတက္ကသိုလ်အသင်းနှင့် အမျိုးသမီးအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ပြည်တက္ကသိုလ်အသင်းတို့အား ဆုတံဆိပ်များ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အသင်းနှင့် အမျိုးသမီးအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒဂုံတက္ကသိုလ်အသင်းတို့အား တံခွန်စိုက်ဒိုင်းဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်