၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူ များအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

မုဒုံ     ဇူလိုင်    ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ DTM ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

ဦးစွာ ကျောင်းသား/သူများမှ “မြတ်ဆရာ” တေးသီချင်းသီဆို၍ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပညာရေးဖြင့် နိုင်ငံတော်တိုးတက်ရေးအတွက် နိုင်ငံသားတိုင်းပညာသင်ယူမှု အခွင့်အလမ်းများ တန်းတူညီမျှရရှိစေရန်၊ အောင်မြင်သူများအနေဖြင့် မိမိဝါသနာပါရာ ပညာရပ်အသီးသီးကို ဆည်းပူးလေ့လာသည့်အခါ

ဗလငါးတန်၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ စက်မှုလက်မှု၊ အိမ်တွင်းမှု၊ စိုက်ပျိုးရေးစသည့် အခြေခံဘက်စုံ အတတ်ပညာများကိုလည်း မမေ့မလျော့လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာများကိုလည်း ယခုထက်မလျော့သော ဇွဲ၊ လုံ့လ၊ ဝိရီယတို့ဖြင့် ဆက်လက်ဆည်းပူးကြကာ အနာဂတ်တွင် နိုင်ငံနှင့်ပြည်သူအကျိုးကို စွမ်းစွမ်းတမံထမ်းဆောင်၍ ကြိုးစားသွားကြရန် အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ၆ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၉ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊၂ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၈ ဦး၊ ရိုးရိုးအောင်မြင်သူ ၂၂ ဦးအား ပညာရည်ချွန်ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/သူများက “တို့ကျောင်း” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)