စစ်တွေ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (မကျည်းမြိုင်)၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေးပြီး စစ်တွေမြို့နယ်၊ သက္ကယ်ပြင်တိုက်နယ်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေကြသော လူနာများအား လှည့်လည်ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောနေမှုကို ကြည့်ရှုအားပေးကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (မကျည်းမြိုင်)သို့ သွားရောက်ပြီး ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းအတွက် ရေသန့်ဆေးပြားများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ သက္ကယ်ပြင်တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေကြသော လူနာများအား လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကျန်းမာရေးဝန်ထမ်းနှင့် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးကုသမှုခံယူနေကြသော လူနာများအား အာဟာရဖြည့်စွက်စာများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ကျန်းမာရေးဝန်ထမ်းများအား စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကယ်ပြင် IDP စခန်းသို့ သွားရောက်ပြီး စခန်းအတွင်း နေထိုင်ကြသူများအား ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက မိုးရာသီကာလတွင် ဖြစ်ပွားမှုများသော ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ သောက်သုံးရေများတွင် ရေသန့်ဆေးပြားများခတ်ထည့်နေမှုကို ကြည့်ရှုအားပေးကာ ရေသန့်ဆေးပြားများ ခတ်ထည့်ပေး ခဲ့ကြပြီး IDP စခန်းအတွင်းနေထိုင်ကြသူများနှင့် ကျေးရွာများတွင်နေထိုင်ကြသူများအတွက် ရေသန့် ဆေးပြားများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကယ်ပြင် IDP စခန်းအတွင်း နေထိုင်ကြသူ များအား ကျန်းမာရေးဝန်ထမ်းများက မိုးရာသီကာလတွင် ဖြစ်ပွားမှုများသည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသိ ပညာပေးဟောပြောနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြကြောင်း သတင်းရသည်။
တင်ထွန်း (ပြန်/ဆက်)