လင်းခေး ဇူလိုင် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တစာရိန္ဒ၏ သြဝါဒအားဖြင့် စစ်ဗျူဟာအဖွဲ့(အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှ နေရပ်စွန့်ခွာ၍ လင်းခေးမြို့နယ်သို့ ရောက်ရှိလာခဲ့ကြသော ပြည်သူ (၇၀)ဦးတို့အား ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ၊ အလှူငွေများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲတစ်နာရီက လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ ခွန်အုတ်ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လင်းခေးမြို့နယ်၊ နားကုန်းပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တစာရိန္ဒက သြဝါဒမြွက်ကြားခြင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်နှင့် လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦး နေဝင်းတို့က နေရပ်စွန့်ခွာပြည်သူများအား အားပေးအမှာစကား ပြောကြားပေးခဲ့ကြသည်။
ဆက်လက်၍ ဝမ်ဟတ်တိုက်နယ် ရှမ်းစာပေနှင့် ယဥ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့သည်။ ဆက်လက်ပြီး စစ်ဗျူဟာမှူးက နေရပ်စွန့်ခွာပြည်သူများအတွက် ဆန် (၁၁)အိတ်၊ ကုလားပဲ (၁)အိတ်၊ စားဆီ (၅)ပိဿာ၊ ကြက်ဥ (၅၀၀)လုံးနှင့် ရွှေဖီဦးတီးမစ် (၅) ထုပ်တို့ကို ထောက်ပံ့လှူဒါန်းပေးအပ်ခြင်း၊ ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်သာချောင်ချိရေးအဖွဲ့ဥက္ကဋ္ဌ ဦးမဟာဂျာအား အမှူးထား၍ ဟိုမိန်းတာဝန်ခံ ဦးခွန်တိုးအောင်မိသားစုက အလှူငွေ ကျပ် (၃၀)သိန်းပေးအပ်ခြင်း၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးခြင်း၊ အလှူငွေများလှူဒါန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ နေရပ်စွန့်ခွာပြည်သူ (၇၀)ဦးတို့၏ကိုယ်စား နားကုန်းကျေးရွာမှဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူပေးခဲ့သည်။ ယင်းနောက် အဆိုပါပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် နေရပ်စွန့်ခွာပြည်သူတို့အား ရင်းရင်းနှီးနှီးလှည့်လည်ကြည့်ရှုအားပေးစကားပြောကြားခြင်းနှင့် နားကုန်းကျေးရွာကျေးလက်ကျန်းမာရေးဌာန(ခွဲ)၊ “နမ့်ခုံး”ရှမ်းများပရဟိတအသင်း(ခွဲ)နားကုန်းမှ တာဝန်ရှိသူတို့က ၄င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လင်းခေးသား