ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် သံလွင်မြစ်‌ရေမြင့်တက်လာမှုကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ပြောင်းရွှေ့

ပေါင် ဇူလိုင် ၂၉

ပေါင်မြို့နယ်၌ ဇူလိုင် (၂၈) ရက်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်း၍သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် လက်ပံကျွန်းကျေးရွာ အနိမ့်ပိုင်း၌ရေဝင်သဖြင့် ဒေသခံပြည်သူများ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြင့်တက်လာမှုတို့ကြောင့် လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာ၊ အနိမ့်ပိုင်းများသို့ ရေများဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု (၇၉) စုတို့မှ လူဦးရေ စုစုပေါင်း (၂၇၀) ဦးတို့အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ အမြင့်ပိုင်းတွင်ရှိသော လက်ပံကျွန်း ဘုန်းကြီးကျောင်းသို့ ခေတ္တယာယီပြောင်းရွှေ့နေရာချပေးထားပြီး စားသောက်မှုအဆင်ပြေ စေရေးအတွက် စီစဉ်ချက်ပြုတ်ကျွေးမွေးစောင့်ရှောက်မှုပေးခဲ့သည်။

အဆိုပါ ယာယီပြောင်းရွှေ့နေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)