မိုင်းပျဉ်း ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်က လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူရေးနှင့်စပ်လျဉ်း၍ မြန်မာ့သန်းခေါင်စာရင်းသမိုင်းကြောင်း၊ ဝိသေသလက္ခဏာများ၊ သန်းခေါင်စာရင်းသမိုင်း၊ သန်းခေါင်စာရင်းအသုံးဝင်ပုံ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဖွဲ့စည်းထားရှိမှု၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ သန်းခေါင်စာရင်း ကောက်ယူမည့်နည်းလမ်းများ၊ စာရင်းစစ် စာရင်းကောက်သင်တန်းဖွင့် လှစ်ဆောင်ရွက်သွားမည့်အခြေအနေများ စသဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးတင်ပြပါသည်။ ထို့နောက် ကော်မတီဝင်များက ပါဝင်ဆောင်ရွက်ရမည့် အစိတ်အပိုင်းများအလိုက် ပြန်လည်မေးမြန်း ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူရေးညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များအားလုံး၊ တုံတာမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် မိုင်းပျဉ်းမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုံလင်စွာတက်ရောက်ခဲ့ကြပြီး၊ အစည်းအဝေးအပြီးတွင် မြို့နယ်လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အတွင်းရေးမှူးက တက်ရောက်လာကြသူများအား ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူရေး တံဆိပ်ပါ ဦးထုပ်နှင့်အင်္ကျီများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)