တောင်ကြီး ဇူလိုင် ၂၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို ရှမ်းရိုးမဘော်ဒါဆောင်တွင် အေးချမ်းတည်ငြိမ်မှုမရှိသေးသောဒေသမှ ပြောင်းရွှေ့လာသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေ ဆန်၊ ဆီ၊ ဗလာစာအုပ်၊ ခြင်ထောင်တို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ခြင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိကိုယ်ကိုကြိုးစားကြရန်၊ စိတ်အားငယ်၊ စိတ်ဓါတ်ကျစရာမလိုကြောင်း၊ ပညာကိုတတ်မြောက်အောင် ကြိုးစားကြရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေချင်ကြောင်း၊ အခက်အခဲများရှိပါက တင်ပြပေးကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူနှစ်ဦးမှ လက်ခံရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညိုမီစောက ဗလာစာအုပ်နှင့် ခြင်ထောင်၊ ထောက်ပံ့ငွေပေးအပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးက လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဆန်၊ ဆီထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူနှစ်ဦးမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)