ရေလွှမ်းမိုးမှုဖြစ်ပွားနေသည့် ဒုံဝန်းကျေးရွာအနိမ့်ပိုင်းရပ်ကွက်နေ ပြည်သူများထံ သောက်ရေသန့်များ လိုက်လံလှူဒါန်း

သထုံ ဇူလိုင် ၂၉

ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်နေပြည်သူများထံ အဆိုပါကျေးရွာအခြေစိုက် နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေးအသင်းမှ သောက်ရေသန့်များ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

"ဒုံဝန်းကျေးရွာအနိမ့်ပိုင်း ရပ်ကွက် ၇ နဲ့ ၈ ရေမြုပ်နေတာက လေးရက်လောက်ရှိပြီ။ ရေတွင်းရေကန်တွေပါ ရေမြုပ်နေတော့ သောက်သုံးရေအခက်အခဲဖြစ်တယ်၊ အဲဒါကြောင့် ရေသန့်ဘူးကြီးတွေကို ရေမြုပ်ခံဘုန်းတော်ကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကို လိုက်လံလှူဒါန်း‌တာပါ" ဟု နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူကပြောသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာသောကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်၊ ညပိုင်းမှစတင်ကာ ကျေးရွာအနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရပ်ကွက် (၇) ရပ်ကွက် (၈) တို့အတွင်းသို့ ရေဝင်ရောက်ကာ လက်ရှိအချိန်အထိ ရက်သတ္တပတ်နီးပါးခန့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ရပ်နီးရပ်ဝေးနေ အလှူရှင်တို့၏ ကူညီဖေးမလှူဒါန်းမှုဖြင့် သောက်ရေသန့်ဘူးများအား အခက်အခဲဖြစ်ရာ နေအိမ်များသို့အရောက် ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ နေ့စဉ် လိုက်လံလှူဒါန်းပေးနေကြောင်း နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေးအသင်းမှ သိရသည်။

ခရိုင်ပြန်/ဆက်