တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်

တံတားဦး ဇူလိုင် ၂၉

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် မကျီးတောရပ်တွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြသည်။  သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုဟန့်တားနိုင်ရန်အတွက် လိုအပ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ကာကွယ်ရေးလုပ်ငန်းများ အပါအဝင် ပိုးလောက်လန်း ရှာဖွေစစ်ဆေးခြင်း၊ ရေလှောင်ကန်များအတွင် ပိုးလောက်လန်းသေစေနိုင်သော အဘိတ်(Abate) ခတ်ပေးခြင်း၊ ရေလှောင်ကန်များအတွင်း လောက်လန်းစားငါးထည့်ခြင်း၊ ခြင်ပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများ အသုံးပြု၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် Fever Surveillance  ဆောင်ရွက်ခြင်းများ အစရှိသော ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နွယ်နွယ်ဦးက ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ကလေး/လူကြီးမရွေး ကျား/မရွေး ဖြစ်ပွားနိုင်ပါကြောင်း၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားနိုင်ရန် ပိုးလောက်လန်းဘဝမှာ နှိမ်နှင်းခြင်းသည် ပိုပြီးလွယ်ကူပါကြောင်း ထိုရောဂါကိုကာကွယ်ရန် ခြင်ကိုက်မခံရအောင်နေထိုင်ခြင်း အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ခြင်း ပြည်သူများအနေဖြင့် အိပ်စက်အနားယူသည့်အချိန်တွင် ခြင်ထောင်ဖြင့် အိပ်စက်အနားယူသင့်ပါကြောင်း ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်များ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါမှ ကင်းဝေးမည်ဖြစ်ကြောင်း သိရသည်

ရဲတင့် (ပြန်/ဆက်)