တပ်ကုန်း ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအလွတ်တန်းအမျိုးသားဘောလုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၄ နာရီက ဘုရင့်နောင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဗိုလ်လုပွဲစဉ်တွင် ရွှေဘုံသူအသင်းနှင့် Ten Star အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Ten Star အသင်းက ရွှေဘုံသူအသင်းကို တစ်ဂိုး၊ သုညဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ ဘုရင့်နောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်ဝင်းနှင့် တာဝန်ရှိသူများက ဂိုး၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်း၊ ဂိုးအများဆုံး၊ ကစားကွက်တိုးတက်အကောင်းဆုံး၊ အားကစားသမားဆုများနှင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့်အသင်းများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် ဒိုင်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား မိုးရာသီအလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး၊ အားကစားစိတ်ဓာတ်များ ပိုမိုဖွံ့ဖြိုးလာစေရန်၊ တစ်ဦးနှင့် တစ်ဦးချစ်ခင်ရင်းနှီးမှုများ ပိုမိုဖွံ့ြဖိုးလာစေရန် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သိရပြီး၊ ဘောလုံးပြိုင်ပွဲတွင် အသင်းရှစ်သင်းဖြင့် ဇူလိုင်၇ ရက်မှ ၂၈ရက်နေ့ထိ ပတ်လည်ကစားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်