သထုံမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

သထုံ ဇူလိုင် ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာရာ ရေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ် (အထက်)ကျေးရွာအနိမ့်ပိုင်းတို့မှ ရေဘေးရှောင်ပြည်သူများအား သထုံမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် သထုံမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများက ဒူးရင်းဆိပ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၊ တပ်ဦးဘုန်းတော်ကြီးကျောင်းနှင့် ဈေးမသွယ်(အထက်)ကျေးရွာ ရန်ကင်းအောင်ကျောင်းတိုက် ဓမ္မာရုံတို့၌ ရေဘေးရှောင်ပြည်သူများကို တွေ့ဆုံအားပေးစကားများပြောကြားကာ စုစုပေါင်းငွေကျပ် ၃၃ သိန်းခန့်တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်ဘူးတို့ကို ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး ဒုံသမိချောင်းရေ မြင့်တက်လာသဖြင့် ပြီးခဲ့သည့်နှစ်ရက်ခန့်မှစတင်ကာ ဒူးရင်းဆိပ်ကျေးရွာနှင့် ဈေးမသွယ်(အထက်)ကျေးရွာအနိမ့်ပိုင်းနေ ပြည်သူစုစုပေါင်း (၇၀၁)ဦးတို့ကို တာဝန်ရှိသူတို့က ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြပြီး ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးအစရှိသည့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)