မိတ္ထီလာ ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မြန်မာ့အာမခံလုပ်ငန်း(မိတ္ထီလာခရိုင်ရုံး)နှင့် ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်သည့် အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန်က ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အာမခံအကြောင်း သိကောင်းစရာဟောပြောပွဲတွင် မြန်မာ့အာမခံလုပ်ငန်း (မန္တလေးတိုင်းဒေသကြီးရုံး)မှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်နီနီအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာ့အာမခံလုပ်ငန်း (မိတ္ထီလာခရိုင်ရုံး)မှ ခရိုင်တာဝန်ခံ ဦးဌေးလွင်က “မြန်မာအာမခံလုပ်ငန်းမှ ဆောင်ရွက်နေသည့် အာမခံလုပ်ငန်းအကြောင်းကို ပြည်သူတွေ သိရှိစေရန် ယခုလို ဟောပြောပွဲများ ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ပြည်သူတွေ အာမခံအကြောင်း နားလည်သိရှိပြီး အာမခံအကာအကွယ်တွေကို ယူထားလိုရှိရင် အသက်အာမခံထားလို့ရှိရင် အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံမှုရှိတယ်ဆိုတာ သိရှိအောင် ကျင်းပခြင်း ဖြစ်ပါကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အာမခံကိုယ်စားလှယ် ဦးထွန်းထွန်းဇော်မှ အာမခံအကြောင်းနှင့် ကိုယ်စားလှယ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အာမခံအမျိုးအစားအသစ် MI’s Health Care အကြောင်းကို မိတ်ဆိတ်ရှင်းလင်း ပြောကြားခဲ့ရာ တက်ရောက်လာသောသူများက အာမခံလုပ်ငန်းအကြောင်း သိလိုသည်များကို မေးမြန်းရာ မြန်မာ့အာမခံလုပ်ငန်း(မိတ္ထီလာခရိုင်ရုံး)မှ ခရိုင်တာဝန်ခံ ဦးဌေးလွင်နှင့် တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။ ယင်းနောက် မြန်မာ့အာမခံလုပ်ငန်း(မိတ္ထီလာခရိုင်ရုံး)မှ ခရိုင်တာဝန်ခံ ဦးဌေးလွင်က မော်တော်ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မိတ္ထီလာမြို့နယ် ရေတွင်းဖြူကျေးရွာမှ ဦးမြင့်ဆွေကို သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေးငွေ ၁၅၃၆၀၀၀ အား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာမခံအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ မြန်မာ့အာမခံလုပ်ငန်း (မန္တလေးတိုင်းဒေသကြီးရုံး)မှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်နီနီအေး၊ မြန်မာ့အာမခံလုပ်ငန်း(မိတ္ထီလာခရိုင်ရုံး)မှ ခရိုင်တာဝန်ခံ ဦးဌေးလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အာမခံကိုယ်စာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)