ကျောက်ဆည် ဇူလှိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အမှတ်(၈၁)စက်မှုလယ်ယာ စခန်းမှ တောင်သူများနှင့်ပူးပေါင်းပြီး အင်ဂျင်ပါဝါသုံး (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး လက်တွေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြောင်ပန်းကုန်း ကျေးရွာအုပ်စု တောင်သူ ဦးဇော်ထွန်းမြိုင် ကွင်းအမှတ်(၁၇၁)၊ ဦးပိုင်အမှတ်(၃၅-၂) လယ်မြေ (၃)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအင်ဂျင်ပါဝါသုံး(၆)တန်းသွားလက်ဆွဲကောက်စိုက်စက်သည် ကျောက်ဆည်မြို့ မြန်မာ့လယ်ယာ သုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)မှ သုတေသနပြုထုတ်လုပ်ထားပြီး အင်ဂျင်ပါဝါ(၁.၅)ကီလိုဝပ်၊ အလေးချိန် (၆၅)ကီလိုဂရမ်၊ အလျား(၁၁၁၀)မီလီမီတာ၊ အနံ(၁၅၉၅)မီလီမီတာ၊ အမြင့်(၆၁၀)မီလီမီ တာရှိပြီး တန်းကြား အကွာ အဝေး(၂၃၀) မီလီမီတာ၊ ပင်ကြားအကွာအဝေး(၁၀၀-၁၈၀)မီလီမီတာ၊ စိုက်တန်းအရေအတွက်(၆)တန်းဖြင့် ထုတ်လုပ်ထားသည့် အပေါ့စားကောက်စိုက်စက်အမျိုးအစား ဖြစ်ကြောင်း သိရသည်။
လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးသီးနှံများစိုက်ပျိုးရာတွင် စနစ်တကျ တန်းကျအကွာအဝေးဖြင့် စိုက်ပျိုးနိုင်ခြင်း၊ လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ စပါးပျိုးသက်တမ်း နုချိန်တွင် စိုက်ပျိုး ခြင်းကြောင့် အပင်ပွားနှုန်းကောင်းမွန်များပြားခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ သမားရိုးကျစိုက်နည်း ဖြစ်သော လူအင်အားသုံး လက်ဖြင့်စိုက်ပျိုးသကဲ့သို့ ကောက်ပင်လှန်ချိန်စောင့်ရန်မလိုခြင်း၊ စိုက်ပျိုးရာ၌ လူ(၂)ဦးသာ လိုအပ်ပြီး အမျိုးသမီးများပါ လွယ်ကူစွာစိုက်ပျိုးနိုင်သည့်အပြင် စပါးတစ်ဧကစိုက်ပျိုးပါက (၁:၄၅)နာရီမှ (၂:၀၀)နာရီအထိ ကြာမြင့်သောကြောင့် အချိန်ကုန်သက်သာခြင်း စသည့်အကျိုး ကျေးဇူးများရရှိကြောင်း သိရှိရသည်။
သက်မောင်၊ကျောက်ဆည်