တာမွေ ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံး၌ ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ၏စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်ချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကလိုရင်းဆေးရည်ဖျော်စပ်နည်းကို လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးအောင်ဖြိုးမောင်က ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ကလိုရင်းဆေးရည်ဖျော်စပ်ရာတွင် အသုံးပြုရမည့် ရေပမာဏ၊ ဆေးပမာဏနှင့် လိုအပ်သော အခြား ဆက်စပ်ပစ္စည်းများ၊ ကလိုရင်းဆေးရည်ဖျော်စပ်ပုံ၊ ဖျော်စပ်နည်းအဆင့်ဆင့်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့သရုပ်ပြသဖျော်စပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက ကလိုရင်းဆေးရည်အသုံးပြုပုံ၊ အသုံးပြုနည်းတို့နှင့်ပတ်သက်၍ အသီးသီးမေးမြန်းခဲ့ကြရာ မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးအောင်ဖြိုးမောင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၄-ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ပြီး ယနေ့အထိ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ(၃၃)ဦးအထိရှိရာ ပြန်လည်ကောင်းမွန်လာသူ(၂၉)ဦးရှိ၍ လက်ရှိဆေးကုသမှုခံယူနေသူ(၄)ဦးရှိကြောင်း၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါပိုးတွေ့ရှိမှုအနေဖြင့် လူနာ(၁၀)ဦးအထိ ရှိလာပြီဖြစ်ကြောင်း၊ မြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအနေဖြင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)