မိုင်းဖြတ် ဇူလိုင် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များသည် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းဖြစ်သည့် အ.မ.က(ဝမ်ပုံ)တွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေခြင်းကို လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကန်လုံရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကိစ္စနှင့်ပတ်သက်၍ နူံးပိတ်၊ ဒိုက်ပိတ်နေသဖြင့် ပြုပြင်ဆောင်ရွက်နေမှုအား လျှပ်စစ်ဓါတ်အား အမြန်ဖြန့်ဖြူးပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ကွင်းဆင်းကြည့်ရူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ရက်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရပ်ကွက်ချင်းဆက်လမ်းပေါ်တွင် Box Culvert တံတားတစ်စင်းနှင့် ကွန်ကရစ်လမ်းရေ တိုက်စားပျက်စီးသွားပြီး ယခုအခါ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရထောက်ပံ့ငွေ (၁၉.၅)သန်းတို့ဖြင့် ပြန်လည်ဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်တို့က လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(မိုင်းဖြတ်)