မောက်မယ် ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေရေး၊ သစ်တောသစ်ပင်များ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည်တံ့ရေး၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကိုနားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှကာကွယ်နိုင်ရန်ရည်ရွယ်ပြီး မောက်မယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဦးစီးဌာနတို့ပူးပေါင်း၍ ဌာနဆိုင်ရာများ၊ ဒေသခံကျေးလက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများတို့မှ ယမန်နေ့နံနက် ၉ နာရီက ဟိုနမ့်ကျေးရွာအုပ်စု၊ အနောက်ပူးယာစန်းကျေးရွာနှင့် လွိုင်ခွင်ရွာဟောင်းကျေးရွာချင်းဆက်လမ်းဘေးဝဲယာ၌ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များအသီးသီးပေးအပ်ကာ မြို့နယ်သစ်တောတာဝန်ခံ တောအုပ်ဦးဇော်ညိုက သစ်ပင်စိုက်ပျိုးရမည့်နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံကျေးရွာသူကျေးရွာသားများနှင့် ကျောင်းသား/ကျောင်းသူများတို့က သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များစိုက်ပျိုးကြသည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်ကျွန်း(၁၀၀)ပင်၊ စိန်ပန်းနီ(၁၀၀)ပင်၊ စိန်ပန်းပြာ (၁၀၀)ပင်၊ မျောက်ငို(၁၀၀)ပင်၊ ရေသင်းဝင်(၅၀)ပင်၊ စုစုပေါင်း(၄၅၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)