ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းသီးနှံများ စတင်နှုတ်သိမ်းလျက်ရှိ သီးနှံအထွက်ကောင်းမွန်၍ ဈေးကောင်းရရှိရန် မျှော်လင့်

ကျောက်ပန်းတောင်း ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တန်ခူးလအတွင်း စိုက်ပျိုးခဲ့ကြသော၊ ဆီထွက်သီးနှံဖြစ်သည့်  နှမ်း၊ မြေပဲနှင့် ပဲစင်းငုံသီးနှံများအနက်နှမ်းသီးနှံကို ယခုလ ဝါဆိုလပြည့်ကျော်မှစတင်၍ နှုတ်သိမ်းနေကြပြီဖြစ်ရာ၊ ယမန်နေ့ နံနက်က၊ ကြံစို့ကျေးရွာနှင့် အရှေ့အင်တိုင်းကျေးရွာဝန်းကျင်တို့တွင် နှမ်းများနှုတ်သိမ်းခြင်း၊ နှမ်းစည်းခြင်းနှင့် နှမ်းထောင်ခြင်းလုပ်ငန်းများကို မိုးပြတ်လပ်စဉ် အပြေးအလွှား လုပ်ကိုင်နေကြရကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးသီးနှံများအနက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းနှင့်မြေပဲကို အဓိကအားထားစိုက်ပျိုးခဲ့ကြရာ၊ မိုးနှမ်းကိုတစ်မြို့နယ်လုံအနေဖြင့် ၁၁၂၅၂၅ ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် မိုးမြေပဲကို ၂၂၁၃၇ ဧက စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ မိုးသီးနှံများအနက် ယခုအခါ နှမ်းသီးနှံများစတင် နှုတ်သိမ်းလျှက်ရှိပြီး၊ မုတ်သုံမိုးနေ့စဉ်လိုလို ရွာသွန်းနေသည့်ကြားမှာပင် တောင်သူများအနေဖြင့် နှမ်းနှုတ်ခြင်း၊ စည်းခြင်း၊ နှမ်းပုံ/နှမ်းထောင်ခြင်းများကို အချိန်လု၍ လုပ်ဆောင်နေရကြောင်း သိရသည်။  “ နှမ်းက ကောင်းပါတယ်ဗျ… အဆံလည်းပါတယ်..သီးယှဉ်းလည်းများတယ်။ ဒီနှစ်လည်း မနှစ်ကလိုပါဘဲရကြမှာပါ…။ တစ်ချို့နေရာတွေဆို နှမ်းပင်က လူတစ်ရပ်တောင်မြုတ်တယ်ဗျ…အဲ့လောက်ကောင်းတာ… ဒါပေမဲတစ်ချို့နေရာတွေကျတော့လည်း မိုးကခါးနဲနဲပြတ်သွားတော့ အဖျားသီးလောက်အောင်ကြတာလည်းရှိတယ်…များသောအားဖြင့်တော့ရကြပါတယ်…ဈေးလေးကောင်းဖို့ပဲ လိုတာပါဗျာ…အခုလည်း မိုးနဲ့ လေနဲ့ အလုအယက်လုပ်နေကြရာတာ.. နေပွင့်တာနဲ့ တစ်ခါတည်း ခါပြီး ပုတ်ထဲ တောင်းထဲ ထည့်နိုင်အောင် လုပ်နေရတာပါ…” ဟု ကြံစို့ကျေးရွာမှ နှမ်းတောင်သူ တစ်ဦးက ပြောပါသည်။

နှမ်းစိုက်ပျိုးရာတွင် အချို့တောင်သူများက ပဲစင်ငုံသီးနှံလည်း ဈေးကောင်းရရှိနေသဖြင့် နှမ်းနှင့် ပဲစင်းငုံကို ရောစပ်၍ သီးညှပ်အဖြစ်တစ်ပါတည်း စိုက်ပျိုးခဲ့ကြသဖြင့်၊ ဝါဆိုပဲကို စိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ၊ နှမ်းသီးနှံ သီးသန့်စိုက်ပျိုးခဲ့ကြသည့် တောင်သူများမှာ နှမ်းနှုတ်သိမ်းပြီးသည်နှင့် ဝါဆိုမြေပဲကို ဆက်လက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရပြီး၊ ယခုမိုးရွာသွန်းမှုအခြေအနေနှင့် ဝါဆိုပဲစိုက်ပျိုးမည့် တောင်သူများလည်း မိုးမြေပဲအပြင် ဝါဆိုပဲသီးနှံပါ ဖြစ်ထွန်းအောင်မြင်နိုင်ကြောင်းသိရပြီး၊ ဈေးကောင်းရရှိရေးကိုသာ မျှော်လင့်နေကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)