ရန်ကုန် ဇူလိုင် ၂၈
(၁၀)ကြိမ်မြောက် ASEAN+3 Junior Science Odyssey(APTJSO-10)ပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့မှ(၂၆)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊Siam Reap မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှဦးဆောင်သော ကိုယ်စားလှယ်(၁၀)ဦးသည် ယမန်နေ့ ညနေ(၅)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြသည်။
ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများက သောင်းသောင်းဖြဖြကြိုဆို နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အစီအစဉ်တွင် “Racing Up Against Climate Change” ခေါင်းစဉ်ဖြင့် Video Competition၊Quiz Competition နှင့် Pitching Competition ပြိုင်ပွဲများကျင်းပခဲ့ပြီး မြန်မာနိုင်ငံကျောင်းသား၊ ကျောင်းသူ (၆) ဦးတို့မှ ယှဉ်ပြိုင်ခဲ့ကြပြီး တစ်ဦးချင်း Quiz Competition တွင် မနန်းလင်းလင်းသွယ်က ရွှေတံဆိပ်ဆု၊ မြန်မာနိုင်ငံပါဝင်သောအဖွဲ့လိုက် Pitching Project Competition တွင် မောင်ရဲရင့်အောင်က ရွှေတံဆိပ်ဆုနှင့် မဧကရီထွန်းက ငွေတံဆိပ်ဆုများ ရရှိခဲ့ပါသည်။
(၁၀)ကြိမ်မြောက် ASEAN+3 Junior Science Odyssey(APTJSO-10) ပြိုင်ပွဲကို အသက်(၁၃) နှစ်နှင့် (၁၅)နှစ်အကြား လူငယ်များဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အာဆီယံနိုင်ငံများအကြား Junior Science ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လာစေရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် သိပ္ပံနှင့်နည်းပညာဆိုရာအခွင့်အလမ်းကို ပြသနိုင်စေရန် ရည်ရွယ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)