မိုင်းပန်မြို့နယ်၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုင်းပန် ဇူလိုင် ၂၈

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ခရိုင်သစ်တောဦးစီးဌာနမှ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်)၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် လင်းခေးခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား/သူများအား သစ်တောနှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်မျိုးနိုင်မှ သစ်တောမှပေးစွမ်းသောအကျိုးကျေးဇူးများနှင့် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း ရှင်းလင်းဟောပြောခဲ့ပြီး ဆရာ/မများ၊ ကျောင်းသား/သူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့မှ သစ်ပင်စိုက်ပျိုးနည်းနှင့်ပြုစုပျိုးထောင်နည်းများ ဆက်လက်ရှင်းပြခဲ့ပြီး ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ခရေပင်များ၊ ကံ့ကော်ပင်များ၊ စွယ်တော်ပင်များ၊ သရက်ပင်များ၊ တမာပင်များ၊ စိန်ပန်းပင်များနှင့် မဟော်ဂနီပင်များ စုစုပေါင်း(၁၆၀)ပင်အား အခြေခံပညာအထက်တန်းကျောင်း(မိုင်းပန်) ကျောင်းဝန်းအတွင်း၌ ဝိုင်းဝန်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)