မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟ စနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

ပေါင်       ဇူလိုင်   ၂၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည်  ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်း တစ်လျှောက်လုံးရဲ့ ဂေဟစနစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရေး အထူးအလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း ဒီရေတောများ ကာကွယ်ထိန်းသိမ်းရေး၊ လေပြင်းဒဏ်ခံနိုင်တဲ့ သစ်မျိုးများ စိုက်ပျိုးခြင်းဖြင့် ဒီရေတောများ ကာကွယ်ထိန်းသိမ်း ကာကွယ်ရေးစတဲ့ လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒီရေတောသစ်မျိုးများ ဖြစ်သည့် သမဲ့(၁,၅၀၀)ပင်၊ ဗြူးခြေထောက်(၃၀၀)ပင် စုစုပေါင်း ဒီရေတော အပင်အရေအတွက် (၁,၈၀၀)ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ ဒီရေတောသစ်မျိုး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယခင်ဒီရေတော ပျိုးပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုအပေါ် ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ်အနေဖြင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေးအန္တရာယ်တွေ လျော့ပါး သက်သာစေရေးအတွက် မြို့နယ်အသီးသီးတွင် ဒီရေတောသစ်ပင် (၁,၃၈၀) ပင်အပြင် ကမ်းရိုးတန်းဒေသများအတွက် ဒီရေတော သစ်ပင်(၅,၂၅၀)ပင်နှင့် အရိပ်ရလေကာပင် (၁၀,၃၀၀)ပင်၊ လမုပင် (၁,၈၀၀)ပင် စုစုပေါင်း (၂၂,၀၈၀)ပင်ကိုလည်း  ဆက်လက် စိုက်ပျိုးသွားမည် ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလှပ်ကျေးရွာအုပ်စုဆယ်အိမ်စု ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

မွန်မလေး (ပြန်/ဆက်)