မော်လမြိုင် ဇူလိုင် ၂၇
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ခြောက်ထပ်ရုံး)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ယုက မွန်ပြည်နယ်အနေဖြင့် အခွန်အကောက်ကို ကြည့်မည်ဆိုလျှင် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ကအဓိကကျပါကြောင်း၊ ကြွရောက်လာကြသော လုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ကျသင့်သောဝင်ငွေခွန်များ အပြည့်အဝပေးဆောင်ရန်တာဝန်ရှိပြီး အခြားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်တို့ကို ဥပဒေနှင့်အညီအပြည့်အဝပေးဆောင်ရန် တာဝန်ရှိကြောင်း၊ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေးအတွက် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူးက လစာ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အခွန်ကောက်ခံခြင်း၊ အခွန်ထမ်းဆောင်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသောလုပ်ငန်းရှင်များမှ မရှင်းလင်းသည့်အချက်များအား မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ လုပ်ငန်းရှင်(၁၀၅)ဦးနှင့် အခွန်ဦးစီးဌာနဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)