မြစ်ကြီးနား ဇူလိုင် ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် လူအများ ဝင်/ ထွက်သွားလာရာနေရာများအား သန့်ရှင်းသပ်ရပ်မှုရှိစေရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ စေတီပုထိုးများနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ အောင်ဇေရန်အောင် ဘုရာဝင်းအတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်ရှိ တပ်ရင်း/တပ်ဖွဲ့များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှုထမ်းများ၊ လူမှုအသင်းအဖွဲ့များစုပေါင်း၍ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အောင်နန်းရိပ်သာရပ်ကွက်အတွင်းရှိ အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဝင်းရှေ့မျက်နှာစာမြေကွက်လပ်တွင် အားကစားလေ့ကျင့်ရေးပစ္စည်းများ တပ်ဆင်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ထိုမှတစ်ဆင့် သီတာရပ်ကွက်အတွင်းရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း ပြည်နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျောင်းအုပ်၊ သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၏ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ သန့်ရှင်းရေးလုပ်အားပေးသူများအတွက် မုန့်နှင့်အချိုရည်ဘူးများကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း ဇူလိုင် ၂၅ ရက်ကဝန်ကြီးဌာန အသင်းပေါင်း(၇)သင်းဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် သယံဇာတရေးရာဝန်ကြီးဌာနအသင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ ဘောလုံးဝါသနာရှင်ပြည်သူများနှင့် ကြည့်ရှုအားပေးခဲ့ကြရာ သယံဇာတရေးရာဝန်ကြီးဌာနအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်းသို့ သွားရောက်ပြီး မြစ်ရေမြင့်တက်မှုကြောင့် စိုက်ပျိုးထားသည့် ကမ်းထိန်းသစ်ပင်များ ပြန်လည်ရှင်သန်နေမှုအခြေအနေများနှင့် ထပ်မံအစားထိုးစိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကမ်းနားလမ်းတစ်လျှောက် We Love Myitkyina ဆိုင်းဘုတ်အနီး ပန်းခြံငယ်နှင့် ဧရာဝတီမြစ်ကမ်းဘေးတို့တွင် အပန်းဖြေအနားယူနေသော ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ကမ်းနားလမ်းသန့်ရှင်းမှုရှိစေရေးအားလုံးက ပူးပေါင်းဆောင်ရွက်ကြရေးနှင့် စတီးလက်ရန်းအသစ်များ ပြောင်းလဲတပ်ဆင်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)