မက်မန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မက်မန်း ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အတန်းအလိုက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အောင်ရတနာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားကို Grade-10 ကျောင်းသား၊ ကျောင်းသူလေးများက သွေးကစကားပြောသည် သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခြင်း၊ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ်၊ တပ်မှူးဗိုလ်မှူးဆိုင်းယီက ကျောင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အားပေးစကားပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်ကကျောင်း၏ ပညာရေးဆောင်ရွက်မှုများနှင့်ပတ်သတ်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် Grade-1 မှ Grade-11 တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နယ်ခြားစောင့်တပ်မှူး၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားကို Grade-9 ကျောင်းသား၊ ကျောင်းသူများက ထာဝရမြန်မာအကဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)