ကျောက်တန်းမြို့နယ် သံစည်ချောင်ကျေးရွာ၌ Solar Home (W-60) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အားကွင်းဆင်းကြည့်ရှု

ကျောက်တန်း   နိုဝင်ဘာ ၁၈

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကုလားတန်းကျေးရွာအုပ်စု၊ သံစည်ချောင် ကျေးရွာ၌  Solar Home (W-60) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ Solar Home (W-60) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆိုလာနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ သုံးစွဲပုံ နည်းစနစ်များကို ကျေးရွာပြည်သူများအား တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး သံစည်ချောင် ကျေးရွာရှိ အိမ်ထောင်စုအားလုံးသို့ ဆိုလာပြားများ တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံစည်ချောင်ကျေးရွာတွင် အိမ်ခြေ (၄၇) အိမ်ရှိပြီး Solar Home (W-60) တပ်ဆင်ခြင်းလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင်ပြုချထားပေးခဲ့ရာ  Earth Col; မှ  ကျေးရွာအရောက် မီးလင်းရေးတပ်ဆင်ပေးခဲ့ခြင်း ဖြစ်ကြောင်း  ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 “ကျွန်တော်တို့ ရွာလေးက ပင်လယ်ကမ်းခြေမှာ တည်ရှိတဲ့ ရွာလေးဖြစ်ပါတယ်၊ တံငါအလုပ်ကို အဓိကလုပ် ကိုင်ပြီးက  အသက်မွေးဝမ်းကျောင်းပြုကြရပါတယ်၊ညအချိန် လုပ်ငန်းခွင်ကနေပြန်လာတဲ့အခါ ကျေးရွာမှာ မီးမရရှိတဲ့ အတွက် အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်၊ အခုတော့ ကျေးလက်ဦးစီးဌာနက ဦးစီးမှူးနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ရွာ မီးလင်းခဲ့ပါပြီ၊ လုပ်ငန်းတွေလည်းယခင်ကထက် ပိုမိုအဆင် ပြေလာတော့မှာပါ၊ အားလုံးလည်း ပျော်ရွှင်နေကြတယ်၊ တစ်ရွာလုံးကိုယ်စား ကျေးဇူးအများကြီး တင်ရှိပါတယ်”  ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ခင်ဆွေဝင်း (ကျောက်တန်း)