လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲ ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီ၌ ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ဆွေးနွေးပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ဖြိုးမွန်စံက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူများကို တိုက်ကွမ်ဒိုအဖွဲ့၊ Fitness Dance အဖွဲ့များမှ ဧည့်ခံဖျော်ဖြေပြီး သရုပ်ပြအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလျက်ရှိပြီး လူငယ်အသိပညာပေးဟောပြောပွဲသို့ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဥက္ကဋ္ဌ၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသူ (၅၀၀)ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)