သထုံ ဇူလိုင် ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေ မြင့်တက်လာရာ ရေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းမှ ရေဘေးရှောင်ပြည်သူများအား သထုံခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ရာတွင် သထုံခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒူးရင်းဆိပ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့၌ ရေဘေးရှောင်ပြည်သူများကို တွေ့ဆုံအားပေးစကားများ ပြောကြားကာ စုစုပေါင်းငွေကျပ် (၁၀)သိန်းခန့်တန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥတို့နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် တစ်ပတ်စာ ဆန်ရိက္ခာဖိုး ငွေ (၄၁၁၆၀၀)ကျပ်တို့ကို ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
သထုံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများစီးဆင်းပြီး ဒုံသမိချောင်းရေ မြင့်တက်လာသဖြင့် ပြီးခဲ့သည့် နှစ်ရက်ခန့်မှစတင်ကာ ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်းနေပြည်သူများအား ရေလွတ်ရာဖြစ်သည့် ရွာလယ်ဓမ္မာရုံ၌ အိမ်ထောင်စု (၂၃)စုမှ လူဦးရေပေါင်း (၉၃)ဦး တပ်ဦးဘုန်းတော်ကြီးကျောင်း၌ အိမ်ထောင်စု (၁၁)စုမှ လူဦးရေ (၁၀၃)ဦးတို့ကို တာဝန်ရှိသူတို့က ပြောင်းရွှေ့နေရာချထားပေးခဲ့ကြပြီး ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးအစရှိသည့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)