ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါင်မြို့ပေါ် ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန် ကားလမ်းရေကျော်

ပေါင် ဇူလိုင် ၂၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ပေါင်မြို့ပေါ်ရပ်ကွက်များနှင့် မော်လမြိုင်-ရန်ကုန်ကားလမ်း၌ ယနေ့နံနက်ပိုင်းမှစတင်၍ ကားလမ်းရေကျော်ပြီး မြို့ပေါ်ရပ်ကွက်များ၏ လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဝင်ရောက်နေသောနေရာများသို့ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းကာ မော်တော်ယာဥ်များ၊ ဆိုင်ကယ်များ ဖြတ်သန်းမောင်းနှင်ရာ၌ ကူညီဆောင်ရွက်ပေးခြင်းနှင့်‌ လူနေအိမ်များအတွင်း ရေဝင်ရောက်နေမှုကြောင့် ပစ္စည်းများ ကူညီသိမ်းဆည်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အလားတူ ဇင်းကျိုက်မြို့ရှိ ရပ်ကွက်များတွင်လည်း ရေများမြင့်တက်လျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)