လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် စာဖတ်ရှိန်မြှင့်တင်းရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

လှည်းကူး ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက်ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးခင်ဇော်ကလူငယ်များ အသိဉာဏ်ပညာဗဟုသုတ ပိုမိုရရှိစေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များတိုးပွားစေရန်၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကား ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက အားကစားနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှည်းကူးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့နှင့် အ.ထ.က (ကျွန်းကလေး) မှ အထက်တန်းပြဆရာမ ဒေါ်အေးနန်းမြင့်တို့က ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်၍ အ.ထ.က (ကျွန်းကလေး) မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade 10 မှ မောင်ထွဋ်ဘုန်းလျှံက လူငယ်နှင့်ပညာရေး၊ Grade 11 မှ မောင်းဝိုင်းချစ်ဦးက လူငယ်နှင့်စာပေ၊ Grade 10 မှ မောင်အောင်မြင့်မြတ် ကလူငယ်နှင့်ယဥ်ကျေးမှု၊ Grade 11 မှ မဖြူစင်လင်းက လူငယ်နှင့်နည်းပညာ၊ Grade 11 မှ မထူးဇင်ဇင်သော်က လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ Grade 11 မှ မချစ်ချမ်းပုံက လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး အ.ထ.က (ကျွန်းကလေး) မှကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊‌ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အခမ်းအနားသို့ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးခင်ဇော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးသိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွဲ့နှင့် ဝန်ထမ်းများ၊ အ.ထ.က (ကျွန်းကလေး) မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော်ဆောင်များ စုစုပေါင်း (၂၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)