မောက်မယ် ဇူလိုင် ၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။
ရှေးဦးစွာ လွိုင်လင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုအလိုက် လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းကို အတိုး ၅% ဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရှိသည့်တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးသော ကျေးရွာအသီးသီးမှ တောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအားရှင်းလင်းပြောကြားခဲ့သည်။
၂၀၂၄ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် မောက်မယ်မြို့နယ်အတွင်း ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ (၅) အုပ်စုမှ စိုက်ပျိုးဧက (၆၈၄) ဧကခန့်၊ တောင်သူ (၁၀၀) ကျော်ဦးအား တစ်ဧကလျှင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့် ချေးငွေစုစုပေါင်းကျပ်သိန်း (၁၀၀၀) ကျော်ခန့်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဝန်ထမ်းများက တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)