ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာများ အသိပညာပေးဟောပြော

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊  ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိစိတ်ဓါတ် ရှင်သန်လာစေပြီး သစ်ပင်စိုက်ပျိုးခြင်းများတွင် ပူးပေါင်းပါဝင်လာစေရန်နှင့် သစ်တောသစ်ပင်များအား ချစ်မြတ်နိုးတက်လာစေရန်၊ ရာသီဥတု ပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးကို သိရှိနားလည်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ထန်းတပင်)၊ လှိုင်ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အ.ထ.က(ထန်းတပင်) မှ ကျောင်းအုပ်ဆရာကြီး ဦးအေးမောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်း က ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အကျိုးကျေးဇူးများနှင့် ဂေဟစနစ်များအကြောင်းတို့ကို Power Point ဖြင့် အသိပညာပေးရှင်းလင်းပြောကြားခဲ့ကာ
တက်ရောက်လာကြသည့်က ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းကပြန်လည်၍ ရှင်းလင်းဖြေကြားခဲ့သည်။

ဆက်လက်၍ သစ်ပင်စိုက်ပျိုးခြင်း အခြေခံနည်းစနစ်များကို မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းနှင့်ဝန်ထမ်းများက သရုပ်ပြရှင်းလင်းပြသခဲ့ကြပြီး ကျောင်းဝန်းအတွင်း ထိုင်ဝမ်ပင် (၁၀) နှင့် ခရေပင် (၂၀) တို့ကို ကျောင်းသား၊ ကျောင်းသူများက လက်တွေ့စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)