တာမွေမြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တာမွေ ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း အများပြည်သူများသို့ ဝန်ဆောင်မှုပေးလျက်ရှိသည့် ဌာနဆိုင်ရာများအနေဖြင့် အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရန်အတွက်ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် တာမွေမြို့နယ်အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်က ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာမွေမြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်ဇင်ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ စတင်အာဏာတည်၍ ပြဋ္ဌာန်းခဲ့သည့်ခုနှစ်၊ ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ဖော်ပြထားသည့် အဓိပ္ပာယ်ဖော်ပြချက်များနှင့် အရေးယူခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)