ဘီးလင်းမြို့နယ်တွင် တောင်ကျရေစီးဆင်းကာ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း (၃)ခု ဖွင့်လှစ်ထားရှိ

ဘီးလင်း ဇူလိုင် ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက တောင်ကျရေစီးဆင်းကာ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းနေရာများ၌ နေထိုင်သူများအား ရေဘေးရှောင်စခန်း (၃)ခု ဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရသည်။

ဘီးလင်းမြစ်ရေသည် ယမန်နေ့နံနက်ပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအထက် (၃)စင်တီမီတာ ကျော်လွန်ရောက်ရှိလာသည့်အတွက် ကန်သာယာရပ်ကွက်၊ အဟုံးဝကျေးရွာနှင့် နတ်ကြီးကျေးရွာ မြေနိမ့်ပိုင်းနေရာများသို့ ရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဘေးသင့်ဒေသမှပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ စီစဥ်မှုဖြင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ယာယီရေဘေးရှောင်စခန်း (၃)ခုသို့ အိမ်ထောင်စု (၂၅၅)စုမှ ကျား (၄၁၁)ဦး၊ မ (၄၈၇)ဦး၊ စုစုပေါင်း (၈၉၈)ဦးတို့အား ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။

ရေဘေးရှောင်ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)