လတ်တလောဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးပွဲကျင်းပ

တွံတေး ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များမှ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Advocacy Meeting ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လတ်တလောဖြစ်ပွားနေသည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ​မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာနှင့် မြို့နယ်အတွင်းရှိစားသောက်ဆိုင် (၁၀၃) ဆိုင်မှ ပိုင်ရှင်များတက်ရောက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမျိုးဇော်လှက စားသောက်ဆိုင်များ လိုက်နာရမည့်အချက်များ၊ မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြိုတင်ရောဂါကာကွယ်နိုင်ရေး နည်းလမ်းများဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိဦးခိုင်ကြည်သာလှက တွံတေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်စပ်လျဉ်း၍ အစားအသောက် ပြင်ဆင်ချက်ပြုတ်သည့် အလုပ်သမားများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အစားအသောက် ပြင်ဆင်ချက်ပြုတ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ကျန်းမာရေးနှင့်ညီညွတ်မှုရှိပြီး သန့်ရှင်းသပ်ရပ်ရေး၊ အသုံးပြုသည့်ရေ သန့်ရှင်းပြီးကျန်းမာရေးနှင့်ညီညွတ်ရေး၊ စားသောက်ဆိုင်ထွက်ပစ္စည်းများ စနစ်တကျစွန့်ပစ်မှုရှိစေရေး စသည့်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များမှ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ဆွေးနွေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တွံတေးသား