နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၂၆

နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်အခကောက်ခံရရှိသည့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ရရှိစေရေးအတွက် အခွန်စည်းကြပ်ကောက်ခံမှုလုပ်ငန်းများကို ကြီးကြပ်ပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ကောင်စီအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အခွန်တိမ်းရှောင်သူများမရှိစေရေး၊ အခွန်စည်းကြပ်ကောက်ခံနိုင်ရေး တို့ကို ကြပ်မတ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ အခွန်ကောက်ခံရရှိမှုတိုးမြှင့်လာစေရေးအတွက် အခွန်ထမ်းသစ်တိုးချဲ့ဖော်ထုတ်ခြင်း၊ အခွန်လွတ်ကင်းမှုများဖြစ်ပေါ်နေသည့် နယ်ပယ်များကို ရှာဖွေဖော်ထုတ်ခြင်း၊ အခွန်ကောက်ခံသည့်ဌာနများကို လစဉ်တိုးတက်မှုရှိစေရေး၊ ပြေစာ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီး ကုန်သွယ်လုပ်ငန်းခွင် ကောက်ခံနေသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြေစာအခွန်အမှတ်တံဆိပ် မှန်မှန်ကန်ကန် ကပ်နှိပ်စေရေး စိစစ်ကြပ်မတ်ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ အခွန်ဆိုင်ရာ သတင်းအချက်များအား ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများက အပြန်အလှန်ဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အခွန်ငွေရရှိမှု လအလိုက် တိုးတက်မှုရှိစေရေးအတွက် လုပ်ငန်းများကို ကြပ်ကြပ်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက နေပြည်တော်အတွင်း အခွန်များ တိုးတက်ရရှိရေးနှင့် အခွန်အရပ်ရပ် လျာထားချက်များ ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိရေး၊ အခွန်ပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်မှုအခြေအနေများ၊ အခွန်ထမ်းသစ် ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ အခွန်အရပ်ရပ်ကောက်ခံရရှိမှုနှင့် အခွန်အခများ ကောက်ခံရရှိမှုအခြေအနေများ၊ လက်ရှိဆောင်ရွက်နေသည့်အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်း တင်ပြကြ သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)