ညောင်ရွှေမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

ညောင်ရွှေ ဇူလိုင် ၂၆

အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များ ရှင်သန်တိုးတက်ဖွံ့ဖြိုးလာစေရန်၊ စာကြည့်တိုက်တာဝန်ခံများ စာကြည့်တိုက်လုပ်ငန်းစဉ်များကို ပိုမိုသိရှိနားလည်လာစေရန်နှင့် စာအုပ်စာစောင်များကို စနစ်တကျထိန်းသိမ်းထားရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိ ဦးနေမျိုးသူရိန်က စာကြည့်တိုက်မိတ်ဆက်နှင့် စာကြည့်တိုက်ပညာရပ်များအကြောင်းကို ဆွေးနွေးပို့ချခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ရည်ညွှန်းစာအုပ်များ၊ ဘာသာရပ်စာအုပ်များအကြောင်းနှင့် စာအုပ်မှတ်ပုံတင်စာရင်းရေးသွင်းခြင်းလုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းဆွေးနွေးပို့ချခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက စာအုပ်မှတ်ပုံတင်စာရင်းရေးသွင်းခြင်းကို လက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံး ဒုတိယဦးစီးမှူး ဒေါ်စီစီစိန်က ကျောင်းစာကြည့်တိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းသို့ အခြေခံပညာကျောင်းများမှ စာကြည့်တိုက်တာဝန်ခံ ဆရာ၊ ဆရာမ စုစုပေါင်း (၃၁) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ