ဥတ္တရသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဥတ္တရသီရိ ဇူလိုင် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဗိုလ်ရွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နေ့လည်ပိုင်းက အဆိုပါကျောင်း စာသင်ဆောင် ကျင်းပခဲ့သည်။

ဦးစွာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ်က အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်စေလိုကြောင်းပြောကြားကာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်များနားထောင်ပြီး အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့်အတူ Grade-10 မှ မောင်မင်းခန့်ကျော်က လူငယ်နှင့်နည်းပညာ၊ Grade-10 မှ မဇင်ဇင်လင်းက လူငယ်နှင့်ကျန်းမာရေး၊ Grade-7 မှ မောင်ဖြိုးဆန်းနောင်က လူငယ်နှင့်စာပေ၊ Grade-5 မှ မောင်သက်ပိုင်ထွေးက လူငယ်နှင့်အားကစား၊ Grade-4 မှ မောင်ကောင်းပြည့်သျှန်က လူငယ်နှင့်စည်းကမ်းစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေနုက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရန်ကြိုးစားဖို့လိုကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များပြသခြင်းနှင့် သုတရသ စာအုပ်၊ စာစောင်များပြသခြင်းကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းသို့ ဥတ္တရခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေနုနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)