နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် သက်တော်ရှည်ဆရာတော်ကြီးအား ဖူးမြှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်း

တပ်ကုန်း ဇူလိုင် ၂၅

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် ဥတ္တရခရိုင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အတူ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံဘုန်းတော်ကြီးကျောင်းတိုက်သို့  ယနေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ရာ ကျောင်းတိုက်ပဓာနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သက်တော်ရှည် ဘဒ္ဒန္တစန္ဒသိရီထံအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ  ဆက်ကပ်လှူဒါန်းပြီးနောက် ဆရာတော်ကြီးထံမှ ငါးပါးသီလနှင့် အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၏ဇနီး ဒေါ်သီတာဇင် ဦးဆောင်သည့်အဖွဲ့နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းတို့သည် မြဝတီရပ်ကွက်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးသို့ ရောက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်များအား တွေ့ဆုံ၍ ကျန်းမာရေးအသိပညာပေးများ ဆွေးနွေးပြောကြားကာ တပ်ကုန်းခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအုပ်စိုးလင်းက ကျေးဇူးတင်စကားပြောကြားပြီးနောက် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်တို့အား အဟာရပြည့်ဝသည့် အစားအစာများထောက်ပံ့ပေးအပ်ခြင်း၊ သားဖွားခန်းကြည့်ရှုစစ်ဆေးခြင်း၊ သားဖွားခန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ အခြားလိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အတူ ဗိုလ်မင်းရောင်ရပ်ကွက်အတွင်းရှိ မိုးသီတာဆီစက်၊ ရွှေအိုးစည်ဆီစက်တို့မှ ဆီစက်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ နှမ်း၊ နေကြာနှင့် မြေပဲ ကြိတ်ခွဲမှုလုပ်ငန်းအခြေအနေများနှင့် အငှားကြိတ်လုပ်ငန်းများမှတစ်ဆင့် ကိုယ်ပိုင်ကြိတ်ခွဲပြီး ဆီထုတ်လုပ်ရောင်းချနိုင်သည်အထိ လုပ်ငန်းမြှင့်တင်ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်