မိုင်းဆတ်မြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ စာပေစကားဝိုင်း ကျင်းပ

မိုင်းဆတ် ဇူလိုင် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက အဆိုပါ သင်တန်းကျောင်းခန်းမ၌ စာပေစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။        

ရှေးဦးစွာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က စာပေစကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာပေစကားဝိုင်းတွင် မမိုးသူဇာဝင်းက “လူငယ်နှင့်အောင်မြင်ခြင်း” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မတင့်တင့်စုလှိုင်က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကြည်ပြာခိုင်က “လူငယ်နှင့်မူးယစ်ဆေးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနွေဂလှိုင်က “လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် သင်တန်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ  ဦးဆောင်ဆွေးနွေးခဲ့သူများက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး စာပေစကားဝိုင်းတွင် မေးမြန်းဆွေးနွေးသူများနှင့် ဦးဆောင်ဆွေးနွေးကြသည့် သင်တန်းသူများအား အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ထွေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်တို့က အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး နံရံကပ်စာစောင်၊ သက်ငယ်မုဒိန်းအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)