ရန်ကုန် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာရရှိစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေး၊ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆို၊ ပုံပြော၊ မြန်မာစာစွမ်းရည်၊ အင်္ဂလိပ်စာ စွမ်းရည်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)