မိတ္ထီလာ၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မိတ္ထီလာ ဇူလိုင်၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ရပ်ကွက်နှင့်ကျေးရွာများရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကား ပြောကြားသည်။ ထို့နောက် စာအုပ်လှူဒါန်းပွဲကို ကျင်းပရာ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှစာကြည့်တိုက် ၅၁ တိုက်မှ စာကြည့်တိုက်တာဝန်ခံများထံသို့ စာအုပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူ များက ပေးအပ်လှူဒါန်းကြပြီး မြာရေဝေကျေးရွာ ဒေါ်မြစိန်စာကြည့်တိုက်တာဝန်ခံ ဦးမင်းလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ မိတ္ထီလာခရိုင်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် တစ်တိုက်လျှင် သုတရသစာအုပ် ၂ဝ အုပ်နှုန်းဖြင့် မိတ္ထီလာမြို့နယ်တွင် စာကြည့်တိုက် ၅၁ တိုက် ၊ သာစည်မြို့နယ်တွင် စာကြည့်တိုက် ၆ဝ တိုက် ၊ မလှိုင်မြို့နယ်တွင် စာ ကြည့်တိုက် ၃၂ တိုက်နှင့် ဝမ်းတွင်းမြို့နယ်တွင် စာကြည့်တိုက် ၁၅ တိုက်တို့အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏  ကြီးကြပ်ဆောင်ရွက်မှုဖြင့် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ