သံဖြူဇရပ် ဇူလိုင် ၂၅
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အခွန်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ဖြင့် ကပ်နှိပ်ရောင်းချသည့် လုပ်ငန်းရှင်များဖြစ်သော စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေနှင့်လက်ဝတ်ရတနာရောင်းချသည့် လုပ်ငန်းရှင်များ၊ လက်ကိုင်ဖုန်း(Handset)နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အခွန်အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်တင်ဦးက အခွန်ကောက်ခံခြင်းကိစ္စနှင့်ပတ်သက်၍ အခွန်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ အခွန်အမျိုးအစားများ၊ နိုင်ငံတော်၏ အခွန်အကောက်ဖွဲ့စည်းထားရှိမှု၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ အခွန်ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း၊ အခွန်ပေးသွင်းခြင်း၊ ကြေညာလွှာတင်သွင်းခြင်း၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များကိုပြန်လည် မေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးပိုင်ရဲဦးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အခွန်အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)