ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇူလိုင်  ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစ၍  ခနောင်တိုအရှေ့ရပ်ကွက်တွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဆိပ်ကြီးအနောက်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စျေး၊ အခြေခံပညာကျောင်းများတွင် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဗီနိုင်းပိုစတာများကပ်ထားကြေညာခြင်း၊ အများသုံးသောက်သုံးရေကန်များအတွင်း ရေသန့်စင်ဆေးပြားထည့်ပေးခြင်း၊ ရပ်ကွက်နေပြည်သူများအား ဝမ်းပျက်/ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်သင့်သည်များကို အသိပေးပြောကြားခြင်းနှင့် ဝမ်းပျက်/ ဝမ်းလျှော ရောဂါဖြစ်ပွားပါက ကျန်းမာရေးဌာနသို့ ချက်ချင်းလာရောက်၍ ထိရောက်စွာဆေးဝါးကုသမှုခံယူရေးတို့ကို အသိပေးပြောကြားလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ရပ်ကွက်နေပြည်သူများကိုလည်း ယခုကဲ့သို့ ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝေယံ(ပြန်/ဆက်)