တံတား ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် Book Club အဖွဲ့များပူးပေါင်း၍ စာရေးဆရာမခင်စောတင့်ရေးသားသော “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်” စာအုပ်ဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတအပြန်အလှန် ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ စာဖတ်သည့်ဝါသနာကိုပျိုးထောင်ပေးရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ လစဉ်စာဖတ်ဝိုင်းများပြုလုပ်ရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါစာဖက်ဝိုင်းတွင် (Youth Club)အဖွဲ့ဝင် မောင်ကျော်ဆွေမြင့်မှ “ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်”ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူ့ဘဝတွင်မပြက်သားသောစိတ်ဓာက်သည် ဆုံးဖြတ်ချက်ချရာမှာ လွဲချော်မှုဆီသို့ များစွာဦးတည်နေကြောင်း၊ ရရှိလာမည့် အကျိုးရလဒ်များကိုဆုံးရှုံးရစေကြောင်း၊ မိမိ၏ဘဝအတွက် လွယ်ကူသောဆုံးဖြတ်ချက်များကို နေ့စဉ်ချမှတ်သင့်ကြောင်း၊ မိမိ၏ရည်မှန်းချက်အပေါ် ယုံကြည်မှုရှိပြီး မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် (Youth Club)အဖွဲ့ဝင် မစန္ဒာဦးမှ “အောင်မြင်ဖို့ဘာတွေပေးဆပ်ရပါသလဲ” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးရာတွင် လူ့ဘဝသည်စွန့်စားမှုမရှိလျှင် အောင်မြင်မှုမရှိနိုင်ကြောင်း၊ တိုးတက်မှုအတွက် သင်ယူမှုများအမြဲရှိနေသင့်ကြောင်း၊ ရှုံးနိမ့်မှုဒဏ်ကိုခံနိုင်ရည်ရှိသင့်ကြောင်း၊ ဘဝမှာပျော်ရွှင်ချင်လျှင် ရှေ့ကိုတိုးပြီးကြိုးစားသင့်ကြောင်း၊ ကျော်ကြားမှုနှင့်အောင်မြင်မှုမရောထွေးသင့်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း အပြန်အလှန်ဆွေးနွေကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြောင်းသိရသည်။
ခန့်စည်သူဝင်း(ပြန်/ဆက်)