ရန်ကုန် ဇူလိုင်လ ၂၅
ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ Data ပိုင်းဆိုင်ရာ နည်းပညာတတ်ကျွမ်းမှု စွမ်းရည်မြင့်မားလာစေရန်၊ Data နှင့် စပ်လျဉ်းသည့် အသိပညာအားကောင်းမှု၊ အချက်အလက်ပေါ်တွင် ဆန်းစစ်နိုင်မှုနှင့် Data Preparation အပိုင်းတွင် Microsoft Excel Software နှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန်နှင့် လက်တွေ့အသုံးပြုနေသည့် Tools များကို သိရှိစေရန် ရည်ရွယ်ဖွင့်လှစ်သော Information Management Training (Data Management in Excel)သင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၂၃)ရက်နေ့ နံနက်ပိုင်းကရန်ကုန်မြို့ရှိ Best Western Green Hill Hotel တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း သတင်းအချက်အလက်စီမံခန့်ခွဲခြင်းနှင့် နည်းပညာဆိုင်ရာယူနစ်မှ ဇူလိုင်လ(၂၃)ရက်နေ့မှ ဇူလိုင်လ(၂၆)ရက်နေ့အထိ (၄)ရက်တာ ပြုလုပ်လျက်ရှိရာ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၀)ဦး တက်ရောက်လျက်ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် လူမှုကရုဏာအကူအညီပေးခြင်းများကို ဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် သင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)