မိတ္ထီလာ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသည့် ဆပ်ပြာကျင်းကျေးရွာအုပ်စု၊ ကန်ကြီးကုန်းကျေးရွာအား စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုး ကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း တာဝန်ခံက စီမံကိန်း လုပ်ငန်းစဉ်များအကြောင်းနှင့် စီမံကိန်းကော်မတီဝင်များဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းများကို ပြောကြားကာ တက်ရောက်လာကြသော ကျေးရွာသူ/ကျေးရွာသားများက အများသဘောဆန္ဒနှင့်အညီ စီမံကိန်း ကော်မတီဝင်များကို ရွေးချယ်ခဲ့ကြကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆပ်ပြာကျင်းကျေးရွာအုပ်စု၊ ကန်ကြီးကုန်းကျေးရွာနှင့် ညောင်မြင့်ကျေးရွာအုပ်စု ပျော်ကုန်းကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)